Chitpalone

ကျမ၏ စိတ်ဖြေရာ..



စာမရေးဖြစ်တာ တော်တော်ကြာပြီ။ ရေးချင်တာလေးတွေတော့ရှိပေမယ့် စာများတာရော အလုပ်များ နေ တာရောကြောင့် ဘလော့ကို မကိုင်သေးဘဲ ထားတာ။ ဘာလို့လည်းဆိုတော့ ကွန်ပျူတာရှေ့ ရောက်ပြီးရင် အားလုံးကိုမေ့တတ်တဲ့ ပါးလုံးရဲ့ အကျင့်ကြောင့်ပါ။ အဖေဆို တင်းသလားမမေးနဲ့ ကွန်ပြူတာရှေ့ ရောက်ရင် ပါးလုံးတို့ ထမင်းမေ့ ဟင်းမေ့ ဆေးသောက်ဖို့လည်းမေ့။ အားလုံးကိုမေ့တာ။ ကွန်ပျူတာရှေ့အထိုင် ကောင်းလို့ အိမ်စာလုပ်ဖို့မေ့ပြီး မနက်မှပြာပြာသလဲ အိမ်စာ ထလုပ်ရတဲ့နေ့တွေလည်း မနည်းတော့ဘူးလေ။

အဲ့ဒါကြောင့် ကွန်ပျူတာကိုရှောင်နိုင်သမျှရှောင်နေတာ။ဒါပေမယ့် ဒီနေ့တော့ည၂နာရီရှိနေပြီ အိပ်မရတာနဲ့စိတ်တွေလည်း လေးနေတယ်လေ။ စိတ်ထဲမှာ အိမ်ကိုအရမ်းလွမ်းနေတယ်။စာရေးတာက ထွက်ပေါက်လို့ စဉ်းစားမိတယ်လေ။ ပြီးတော့ အိမ်ကိုလွမ်းတိုင်း ဘာစကိုဒဂါးမားကိုလည်း သတိယလို့လေ။ သူ့အကြောင်းစဉ်းစားမိရင် အမြဲပြုံးမိလို့ရေးမယ်ကွာ ဆိုပြီးတော့ရေးဖြစ်တာ။

ဟဲဟဲ သတိယဆို ပါးလုံးရဲ့ကျေးဇူးရှင်လေးမို့လို့ပါ။ အဲ့လိုပြောလို့ သူငယ်ချင်းတို့ကတော့ ထင်ဦးမယ်။ ပါးလုံးတောင်မွေးသေးရဲ့လားလို့လေ။ ဒါပေမယ့် သူကပါးလုံးရဲ့ဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့
သူတယောက်မို့လို့ပါ။ ပါးလုံးက ငယ်ငယ်က အရမ်းဆိုးတယ်။ အိမ်မှာဆို အဖေ့သူငယ်ချင်းတွေက ပါးလုံးကို ဖျံတဲ့ ဖျံတောင်ရိုးရိုးဖျံမဟုတ်ဘူးတဲ့။ ဖျံစုတ်တဲ့။ အဲ့လောက်လည်းမဟုတ်ပါဘူးနော်ဟဲဟဲ

ငယ်ငယ်ကဆို ပါးလုံးကစာကိုမကျက်ချင်ဘူး။ အမြဲတမ်းပဲ အိမ်မှာ စာသင်မယ်ဟေ့လို့ပြောလို့ကတော့ ပါးလုံးတို့ ဖိနပ်ကိုင်ပြီး ထွက်ပြေးပြီသာမှတ်တော့ ဖိနပ်စီးနေရင် မမှီမှာစိုးလို့လေ။ စာကျက်ဟေ့လို့ပြောရင် ရပြီးသားကိုပဲ ပြန်အော်တာ။ အဲ့ဒါကြောင့် ခြောက်တန်းတုန်းက မှတ်မိသေးတယ်။ မြေခွေးက တွင်းထဲကျသွားတာလေ မြန်မာစာမှာပါတယ်။

အဲ့ဒါက ပုံပြင်လိုဆိုတော့ ခဏလေးရတယ် ပါးလုံးက အဲ့ဒါကိုအရမ်းရတယ်။ အဲ့တော့ ပါးလုံးဘာလုပ်နေလည်း စာကျက်လေလို့ပြောရင် အဲ့ဒါကိုပဲ အော်ဖတ်တာ။အဲ့တော့ အိမ်ကလူတွေက အလွတ်ရနေပြီလေ။ နောက်တော့ ပါးလုံးရေစာကျက်လို့ပြောရင်း နောက်ဆက်တွဲဆက်ပြောသေးတယ်။ “မြေခွေးတွင်းထဲကျ ဘုတ်ကလက်” ဆိုပြီးတော့လေ။

ပါးလုံးကအဒေါ်အပျိုကြီးတွေနဲ့နေတာဆိုတော့ သူတို့ကအစကလည်းသန်တယ်။ စည်းကမ်းကလည်း ကြီးတယ်။ အဒေါ်ကသုံးယောက်တောင်လေ။ သူတို့ကပြောတာပေါ့ သူတို့စရင်တောင် အဲ့ဒါကိုပဲကျက်ချင်တာ အဲ့ဒါပဲရလို့လေ။ဟဲဟဲ။အိမ်မှာကအဒေါ်တွေက စာစစ်တတ်တဲ့အကျင့်ရှိတယ်။ အနည်းဆုံးတပတ်ကို သုံးခေါက်ပေါ့။ အိမ်စာလုပ်မလုပ် စာကျက်မကျက် စစ်တယ်။

အဲ့တလောက အိမ်ကလူတွေက အလုပ်များနေတယ်။ ပါးလုံးကိုလည်း သတိမထားမိဘူး။ အိမ်မှာ စာကျက်ဖို့ပြောရတာ ပါးလုံးတယောက်တည်းကို ကျန်တဲ့ ညီအမသုံးယောက်က ပြောဖို့မလိုဘူး။ စာကို လုပ်မယ်ဆိုတာကြီးပဲ။ ပါးလုံးကိုဆိုသတိအ၇မ်းထားတယ်။ ငြိမ်နေရင် ကြောက်ရတယ်တဲ့။ 

သူတို့စာစစ်ပြီဆိုရင် မျက်ရည်နဲ့မျက်ခွက်။ စာမှမကျက်ချင်တာ။ ငယ်ငယ်ကတည်းက သီချင်းဆိုရင် နှစ်ခေါက်နားထောင်တာနဲ့ အလွတ်ရတယ်။ သီချင်းကိုအရမ်းကြိုက်တယ်။ နားထောင်တာရော ဆိုတာရောပေါ့။ စာအုပ်တိုင်းမှာ သီချင်းတွေရေးထားတယ်။ မဆိုရရင် ရတဲ့သီချင်းကို ထိုင်ရေးတာလေ။ အဲ့တာနဲ့ စာမေးပွဲဖြေရတော့မယ် ဒုတိယအစမ်းပေါ့။

ခြောက်တန်းမှာ။ အဲ့တော့ ကျန်တဲ့နေ့တွေမှာစာမစစ်ပဲ သမိုင်းဖြေမယ့် ညကျမှ ပါးလုံးအဒေါ်အကြီးဆုံးက စာစစ်တယ်။ သမိုင်းက ကမ္ဘာ့သမိုင်း ပေးထားတာက ခြောက်တန်းနဲ့မလိုက်အောင် အရှည်ကြီးတွေ ရှစ်ပုဒ်ကျက်ခိုင်းထားတယ်။ ဆရာမက အဲ့ထဲကတပုဒ်တဲ့။ အပျင်းကြီးတဲ့ပါးလုံး တပုဒ်မှကို မကျက်တာ။ ဘာစကိုဒဂါးမား အပါအ၀င်ပေါ့။ မှားမှန်လောက်ပဲ ကြည့်ထားတာ။

နောက်တော့ ပါးလုံးအဒေါ်က ဘာတွေကျက်ခိုင်းလည်းတဲ့ ဆရာမက အဲ့တော့မှားမှန်ပါပဲလို့ ညာလို့မရဘူးလေ။ ညာရင်ပိုဆိုးမှာ။ ရှစ်ပုဒ်လုံးကို မပြလို့လည်း မဖြစ်ဘူး စာအုပ်ထဲမှာမှတ်ထားပြီးသား ကျက်ရန်ဆိုပြီး ( ဟီး ကျက်ရန်ဆိုပေမယ့် မကျက်ဘူးလေ) နောက်တော့ တီတီက ကဲမနက်ဖြန်ဖြေဖို့ ဆရာမကျက်ခိုင်းတာကို ဆိုတဲ့။ သူကဆိုခိုင်းရုံမကဘူး အလွတ်ပါရေးခိုင်းတာ သိလား။ အဲ့တော့ ကြက်ကြီးလည်လိမ်ထားသလိုပေါ့။ စာမှမရတာကို။

ဒါပေမယ့် အဒေါ်ကသူစာစစ်တဲ့အချိန်က ညကိုးနာရီထိုးပြီးပြီ ဆယ်နာရီထိုးတော့မယ်။ အဲ့တော့ စာတွေကိုကြည့်လိုက်တော့ အပုဒ်တိုင်းက အနည်းဆုံးလေးမျက်နှာ သူကမမှီတော့ဘူးဆိုတာသိတော့ ပါးလုံးတဲ့ ဒီညတပုဒ်ရအောင်ကျက်တဲ့ မရရင်တော့ နင်မအိပ်ရဘူးမှတ်ဆိုပြီး တုတ်တချောင်းနဲ့
ထိုင်စောင့်တယ်။ ကဲဒေါ်ရွှေပါးလုံး ဘာလုပ်ရမလည်း ရှိသမျှဥာဏ်ထုတ်ဟေ့ ဆိုပြီး စဉ်းစားတယ်။

စာတွေကများတော့ ဘယ်ကစကျက်ရမှန်းလည်းမသိဘူး။ အဲ့တော့ အဲရှစ်ပုဒ်ကို မဲလိပ်လုပ်လိုက်တယ်။ ပြီးတော့ ထုံးစံအတိုင်းဆုတောင်းတယ်။ တပုဒ်ကိုမဲနှိုက်လိုက်တယ်။ ဘာစကိုဒဂါးမား ကျတယ်။ သူကအရှည်ဆုံး။ အဲ့တပုဒ်က ရှည်လည်း မတတ်နိုင်ဘူးလေ။ မဲလည်းထပ်မနှိုက်ချင်တော့ဘူး အိပ်လည်းအိပ်ချင်နေပြီဆိုတော့။ အဲ့ဒါကိုပဲ ကျက်ရတော့မှာပေါ့။ အချက်အလက်တွေကိုပဲ မှတ်ပြီး တနာရီလောက်နေတော့ရသွားတယ်။

နောက်တော့တီတီရေ ရပြီဆိုပြီး ဖတ်ပြတော့ ဒီအဒေါ်က အလွတ်ရေးခိုင်းသေးတယ်။ အဲ့ဒါနဲ့ အိပ်တော့ဆိုပြီးပါမစ်ရသွားတယ်။ ပါးလုံးစာမေးပွဲဖြေဖို့သွားတော့ မှားမှန်ရယ် ကွက်လပ်ရယ် ဘာစကိုဒဂါးမားရယ်ပဲ ပါးလုံးဦးနှောက်ထဲမှာပါတယ်။ ကျောင်းရောက်တော့ သူငယ်ချင်းတွေက ဘာစကိုဒဂါးမား တယောက်မှ မကျက်ဘူး။ အဲ့တော့ စိတ်ဓါတ်ကနည်းနည်းကျသွားတယ်။ ဒါပေမယ့် အေးဆေးလေးပဲနေလိုက်တယ်။

စာမေးပွဲခန်းထဲရောက်တော့ အခန်းစောင့်တဲ့ဆရာမက ဘွားဘွားသူငယ်ချင်း။ သူကပါးလုံးကိုကြည့်နေမှာ မဖြေနိုင်ရင်ဒေါ်ဘောက်ခေါန်မြေးကတော့လေ ဆိုပြီး ပြန်တိုင်မှာ အဒေါ်အပျိုကြီးတွေက ရိုက်တာထက် သူတို့ပြောတဲ့ စကားလုံးတွေက နာတယ်။ သိလားအဲ့တော့ ကြောက်တယ်ဗျ။ အိမ်ကအမနဲ့ အဒေါ်တွေ ညီမတွေကတော့ စိတ်ပူကြတယ် ပါးလုံးအတွက်။ ရှစ်ပုဒ်မှာ တပုဒ်ပဲ အတင်းကျက်ခိုင်းလို့ကျက်သွားတာဆိုပြီးတော့လေ။

မေးခွန်းလည်းဝေရော ပျော်လိုက်တာပြောမနေနဲ့။ ပျော်တော့မပေါ့။ ဘာစကိုဒဂါးမားပါတာကိုး။ တယောက်မှမဖြေနိုင်ကြဘူး။ အဲ့ဒါနဲ့အိမ်ရောက်ရောက်ချင်း အိမ်ကလူတွေက ၀ိုင်းပြီးတော့ အုံလာတယ်။ ပါးလုံးဖြေနိုင်လား။ အောင်ပါ့မလား။ ပေါ့။ နင်ကျက်ထားတာမပါဘူးမဟုတ်လားနဲ့ ပုရွက်ဆိတ်အုံသလို ပါးလုံးနားမှာ အုံနေကြတယ်။ ပါးလုံးလည်း သူတို့မေးတာများလွန်းလို့ ဘယ်ကစပြောရမှန်းမသိတော့ဘူး။ နောက်ဆုံးမှပဲခပ်တည်တည်နဲ့ ” တော်သေးတာပေါ့ ဘာစကိုဒဂါးမားကယ်ပေလို့” လို့ပြောတော့မှ အားလုံးကရယ်နိုင်ကြတော့တယ်။

အောင်စာရင်းလည်းထွက်ရော ပါးလုံးကအမှတ်အများဆုံး ရှုံးတဲ့သူတွေကတော့ သောက်သောက်လည်း မသိရင်ပါးလုံးကအားလုံးကိုကျက်ထားသလိုပဲ၊ တကယ်ကတော့ ကြက်ကန်းဆန်အိုးတိုးပြီး ဘာစကိုဒဂါးမားကယ်သွားတာပါ။ အဲ့ဒါကြောင့် အိမ်ကိုလွမ်းရင် ဘာစကိုဒဂါးမားကိုပါ သတိယတယ်။ 

အခုတော့ ဆက်လွမ်းလို့မဖြစ်တော့ဘူး ၃နာရီထိုးတော့မယ်။ မအိပ်ရင်ကျောင်းမှာငိုက်မှာစိုးလို့ ငိုက်ရင် ဘာစကိုဒဂါးမားလည်း ကယ်မှာမဟုတ်ဘူး။ အဲ့တော့ အိပ်တော့မယ်ဗျာနော်။ နောက်မှပဲ ဖျံကျတတ်တဲ့ ပါးလုံးအကြောင်းလေးတွေပြောပြတော့မယ်။

အားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ 
ညီမလေး ပါးလုံး